မိုးဦးကာလမျှစ်စိမ်းတွေ တွေ့ရင် ဘယ်လိုချက်စားရမှန်းမသိတဲ့
ဟင်းချက်ဝါသနာရှင်များအတွက် အထက်အညာဒေသမှာ ချက်စားလေ့ရှိတဲ့ မျှစ်ဆတ်ဟင်း
ခေါ် မျှစ်စိမ်းဟင်း ချက်နည်းလေးကို ဝေမျှချင်ပါတယ်နော်။
ဆီပြန်ဟင်းတွေကို ရိုးအီနေတဲ့သူများအတွက်တော့ ဆီနည်းပြီး မျှစ်စိမ်းနုနုရဲ့
သဘာဝအချိုလေးကို ဆန်လှော်လေးနဲ့ ချက်စားနိုင်တဲ့အကြောင်းကို
တင်ပြပေးမှာဖြစ်ပါတယ်။ မျှစ်ဆတ်ဟင်း ချက်ဖို့အတွက် လိုအပ်တဲ့
ပါဝင်ပစ္စည်းတွေကတော့
- မျှစ်စိမ်း ၃ ချောင်း
- ကြက်သွန်နီ ၁ လုံး
- ခရမ်းချဉ်သီး အသေး ၁ လုံး
- ပုဇွန်ခြောက် ဟင်းစားဇွန်း ၁ ဇွန်း
- လုံးသွယ်မွှေးဆန် သို့မဟုတ် ပေါ်ဆန်းမွှေးဆန် ဟင်းစားဇွန်း ၁ ဇွန်း
- နနွင်းမှုန့်အနည်းငယ်
- ဆားအနည်းငယ်
- ဟင်းချိုမှုန့် သို့မဟုတ် ကြက်သားမှုန့် လဖက်ရည်ဇွန်း တစ်ဝက်
- ပင်စိမ်းရွက် သို့မဟုတ် ရှမ်းနံနံ ၅ ခက်
- ဆီ ဟင်းစားဇွန်း ၁ ဇွန်း
ပြုလုပ်ပုံအဆင့်ဆင့်
- မျှစ်စိမ်းကို အဖူးလိုက်ဝယ်လာရင် ခပ်ပါးပါးလှီးပါ။ ၎င်းနောက် လှီးပြီးသော မျှစ်စိမ်းများကို ရေဖြင့် ဆေးပြီးနောက် ရေအေးဖြင့် စိမ်ထားပါ။
- ကြက်သွန်နီကို ပါးပါးလှီးထားပါ။ခရမ်းချဉ်သီးကို အစေ့များထုတ်ပြီး ခပ်ပါးပါးလှီးထားပါ။ ကြက်သွန်ထည့်တာကတော့ မျှစ်စိမ်းကို ပိုချိုစေချင်တာဖြစ်ပြီး ခရမ်းချဉ်သီးကတော့ အရောင်လှစေဖို့အတွက် ထည့်တာပါနော်။
- ပုဇွန်ခြောက် ရေဆေး၍ ငရုတ်ဆုံဖြင့်ထောင်းပါ။ ဈေးထဲမှာအလွယ်တကူဝယ်လို့ရတဲ့ ပုစွန်ခြောက်မှုန့်တွေထက် ပုစွန်ခြောက်ကို ငရုတ်ဆုံနဲ့ မညက်တညက်ထောင်းထည့်တာကတော့ မြန်မာ့ရိုးရာနည်းမို့လို့လားမသိဘူး ပိုပြီးစားကောင်းသလိုပဲ။ ငရုတ်ဆုံနဲ့ထောင်းဖို့ အဆင်မပြေရင်လည်း ကြိက်စက်နဲ့ကြိတ်လည်းရပါတယ်နော်။ ပုစွန်ခြောက်မှုန့်ခပ်ရင်လည်း ရပါတယ်နော်။
- လုံးသွယ်မွှေး သို့မဟုတ် ပေါ်ဆန်းမွှေးဆန်ကို ရေစင်ကြယ်စွာ ဆေးပြီး ငရုတ်ဆုံ သို့မဟုတ် ကြိတ်စက်နဲ့ အမှုန့်ပြုလုပ်ပါ။ အသင့်ထုတ်ထားတဲ့ ဆန်မှုန့်အစိမ်းကို သုံးရင်လည်းရပါတယ်။
- ချက်ပြုတ်မည့်အိုးထဲသို့ ပါဝင်ပစ္စည်းများဖြစ်တဲ့ ဆီ၊ မျှစ်စိမ်း၊ ဆန်မှုန့်နဲ့ နနွင်းမှုန့်၊ ပုစွန်ခြောက်မှုန့် တို့ကို ထည့်၍ လက်ဖြင့် နှံ့စပ်အောင်နယ်ပါ။ နနွင်းမှုန့်ကိုတော့ လက်ဖက်ရည်ဇွန်းဖျားလေးနဲ့ပဲထည့်သင့်ပါတယ်နော်၊ များသွားရင် နနွင်းနံ့ နံသွားမှာစိုးလို့ပါ။
- နှံ့စပ်အောင်နယ်ပြီးပါက လှီးထားတဲ့ ခရမ်းချဉ်သီးနဲ့ ကြက်သွန်နီတို့ကို ထည့်ပါ။ ထို့နောက် ရေဖန်ခွက် ၃ ခွက်ခန့်ထည့်ပြီး ဟင်းအိုးကို အဖုံးအုပ်၍ အချိန် (၁၅)မိနစ်ခန့် တည်ထားပါ။ ရေအနည်းငယ်ကျန်ပါက ရေ(၁)ခွက်ခွဲခန့်ထည့်၍ အဖုံးအုပ်ပြီးဆက်၍ တည်ထားပါ။
- မျှစ်စိမ်းကျက်၍ ဟင်းရည်များ ပွက်ပွက်ဆူပြီး အနံ့များမွှေးကြိုင်လာပါက ဆား၊ အချိုမှုန့် သို့မဟုတ် ဟင်းခတ်မှုန့်အနည်းငယ်ထည့်ပြီး မျှစ်စိမ်းကို မြည်းစမ်းကြည့်ပါက စပ်ရှားရှားအရသာမဟုတ်ဘဲ ချို၍ ခပ်ဆတ်ဆတ်နှင့် စားကောင်းသော အရသာရရှိပါက ပင်စိမ်း သို့မဟုတ် ရှမ်းနံနံထည့်ပြီး စားသုံးလို့ရပါပြီနော်