ရှာဖွေရန်

ပဲငပိကြော်

 


ပဲငပိဆိုရင် ဈေးကွက်ထဲမှာ တရုတ်ပဲငပိနဲ့ ဗမာပဲငပိဆိုပြီး ရှိပါတယ်။ တရုတ်ပဲငပိကတော့ ရှမ်းအစားအစာတွေဖြစ်တဲ့ ရှမ်းခေါက်ဆွဲ၊ မြီးရှည်နဲ့ အခြားတရုတ်အစားအစာတွေမှာ ထည့်သွင်းအသုံးပြုလေ့ရှိပါတယ်။ ဗမာပဲငပိကို အချို့နေရာတွေမှာတော့ ပဲပုတ်ချက်လို့လည်း နေရာဒေသပေါ်မူတည်ပြီး ချက်ပုံချက်နည်းတွေလည်း အနည်းငယ်ကွာခြားပါတယ်။

အခုချိန်မှာတော့ ဈေးကွက်မှာကော ကိုရီးယားမင်းသားမင်းသမီးတွေရဲ့ ဒရမ်မာစီးရီးတွေထဲမှာ စားသောက်ပြနေလို့ ကိုရီယားပဲငပိချဉ်စပ်ဟင်းရည်ကတော့ မသိသူမရှိသလောက်ဖြစ်မှာပါ။

ကျမတို့မုံရွာဒေသဘက်မှာတော့ ရေဦးပဲငပိက အင်မတန်နာမည်ကြီးလှပါတယ်။ ပဲပုတ်ကို ဆားနဲ့နယ်ပြီး အပုတ်ခံပြီး ပြုလုပ်ထားတာဖြစ်လို့ သူ့အနံ့က ကြိုက်တဲ့သူအတွက်တော့ မွှေးပေမဲ့ မကြိုက်တဲ့သူအတွက် အနံ့ပြင်းလွန်းလှပါတယ်။ အညာဒေသဖြစ်တဲ့ ရေဦးမြို့ကထွက်တဲ့ ပဲငပိကို အစိုလည်းချက်စားကြသလို ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးအကြမ်းမှုန့်တွေနဲ့နယ်ပြီးတော့လည်း ပဲငပိခြောက်လှန်းပြီး ပဲငပိပြားကြော် သို့မဟုတ် ပဲငပိခြောက်ကြော်အနေနဲ့လည်း ပြုလုပ်စားသောက်လေ့ရှိကြပါတယ်။

ဒီနေ့တင်ပြမည့် ပဲငပိချက်ကတော့ ရေဦးမြို့ကထွက်တဲ့ ပဲငပိကို အညာဒေသမှာ အထူးသဖြင့် မုံရွာနယ်တဝိုက်မှာ စားလေ့ရှိတဲ့ ချက်နည်းနဲ့ တင်ပြသွားမှာဖြစ်ပါတယ်။

ပဲငပိချက်ဖို့အတွက်လိုအပ်တဲ့ပစ္စည်းတွေကတော့-

  • ပဲငပိ(၅)ကျပ်သား
  • ဆီဟင်းစားဇွန်း(၆)ဇွန်း
  • ငရုတ်သီးအရောင်တင်မှုန့်လက်ဖက်စားဇွန်း(၁)ဇွန်း
  • ကြက်သွန်နီ(၁)လုံး
  • ခရမ်းချဉ်သီး(အလုံးသေး) ၁ လုံး
  • နံနံပင်(သို့မဟုတ်)ပင်စိမ်း (၃)ပင်
  • ငရုတ်သီးစိမ်း ၇ တောင့်
  • အချိုမှုန့်(သို့မဟုတ်)ဟင်းခတ်မှုန့်အနည်းငယ်
  • ဆားအနည်းငယ်လိုအပ်မှာဖြစ်ပါတယ်။

ပြုလုပ်ပုံအဆင့်ဆင့်

  1. ကြက်သွန်နီ၊ ခရမ်းချဉ်သီးများကို ရေဆေးပြီး လှီးထားပါ။
  2. နံနံပင် သို့မဟုတ် ပင်စိမ်းများ၊ ငရုတ်သီးစိမ်းများရေဆေးပြီး လှီးထားပါ။
  3. ပဲငပိချက်မည့် ဒယ်အိုးထဲသို့ ဆီများထည့်ပြီး ဆီပူလာပါက လှီးထားသော ကြက်သွန်နီ၊ ခရမ်းချဉ်သီးများ၊ ငရုတ်သီးအရောင်တင်မှုန့်များထည့်ပြီး ဆီသတ်ပါ။ ဆီပြန်လာပါက ပဲငပိထည့်ပြီး အထက်အောက်နှံ့အောင်မွှေပါ။ ထို့နောက် ရေတစ်ဝက်ခန့်(ဖန်ခွက်)ထည့်ပြီး အဖုံးအုပ်၍ တည်ထားပါ။
  4. ရေခမ်း၍ ဆီပြန်လာပါက နံနံပင် သို့မဟုတ် ပင်စိမ်းနှင့် ငရုတ်သီးစိမ်းများ၊ ဆား၊ အချိုမှုန့်တို့ကို ထည့်ပြီး အရသာမြည်းစမ်းကြည့်ပါ။ အရသာအဆင်ပြေပြီး ဆီပြန်လာပါက မီးပိတ်၍ ပဲငပိချက်ကို စားသုံးနိုင်ပြီဖြစ်ပါတယ်။

ပဲငပိချက်နဲ့ လိုက်ဖက်တဲ့ ဟင်းအတွဲအစပ်လေးကတော့ ချဉ်ပေါင်နဲ့ မျှစ်၊ ရုံးပဒေသီးချဉ်ရည်ဟင်းလေးရယ်၊ ငါးဖယ်ကြော်လေးရယ်၊ မှိုကန်စွန်းကြော်လေးရယ် တွဲဖက်စားသုံးလိုက်ရင်တော့ စားမြိန်မှာသေချာပါတယ်နော်။

Share:

ကုလားပဲနှပ်


 

ကျမတို့ အညာဒေသဘက်မှာတော့  အချို့သော မင်္ဂလာဆောင်တွေမှာ ဝက်သားဆီပြန်ချက်၊ ရွာကထွက်တဲ့ ကုလားပဲနှပ်နဲ့ ပဲတီစိမ်းကို အပင်ဖောက်ထားတဲ့ ပဲပင်ပေါက်အချဉ်နဲ့ ငရုတ်သီးကြော်၊ မှန်ရောင်ဟင်းချို စသဖြင့် ဧည့်ခံကျွေးမွေးလေ့ရှိပါတယ်။ ထမင်းကျွေးတဲ့ မင်္ဂလာဆောင်ဆိုရင်တော့ ဝက်သားချက်ကလည်း အိုးကြီးချက်ဆိုတော့ ရွာလုံးကျွတ် မီးခိုးတိတ် အားပေးကြတာပေါ့။

အဲ့ဒီမင်္ဂလာဆောင်တွေမှာ ကျွေးတဲ့ ကုလားပဲနှပ်နည်းလေးကို ဝေမျှချင်ပါတယ်နော်။ ကုလားပဲကို ပဲကုလားသီးစုံဟင်း၊ ကုလားပဲနဲ့ ကြာဆံဟင်းချိုဆိုပြီးလည်း ချက်လို့ရပါသေးတယ်နော်။

ကုလားပဲနှပ်ဖို့အတွက် ပါဝင်ပစ္စည်းတွေကတော့

  • ကုလားပဲနို့ဆီဘူးတစ်ဝက်
  • ငရုတ်သီးအရောင်တင်မှုန့် မန်ကျည်းစေ့တစ်စေ့ခန့်
  • ဂျင်းလက်တစ်ဆစ်ခန့်
  • ကြက်သွန်ဖြူ(၃)မွှာ( အမွှာကြီး)
  • မဆလာ အနည်းငယ်
  • ဆီ ဟင်းစားဇွန်း (၆)ဇွန်း
  • ဆားအနည်းငယ်
  • အချိုမှုန့်အနည်းငယ်လိုအပ်မှာဖြစ်ပါတယ်။
  •  

ပြုလုပ်ပုံအဆင့်ဆင့်

  1. ပထမဦးဆုံး ပဲနှပ်မည့် ကုလားပဲကို သဲနှင့် ဖုန်များ အမှိုက်များမပါရှိအောင် ရေဖြင့် (၃)ကြိမ်ခန့် ရေဆေးပေးပါ။
  2. ကုလားပဲပြုတ်ရန်အတွက် အိုးထဲသို့ရေအနည်းငယ်ထည့်ပြီး ကုလားပဲထည့်ပြီး မိနစ်(၂၀)ခန့် နူးအိအောင် ပြုတ်ပါ။
  3. ကုလားပဲများ နူးအိလာပါက ကုလားပဲများကို ပန်းကန်တစ်ခုထဲသို့ ဆယ်ထားပါ။
  4. ဂျင်း၊ ကြက်သွန်ဖြူများ အခွံနွှာပြီး ထောင်းထားပါ။
  5. ကုလားပဲနှပ်ရန်အတွက် ဒယ်အိုးထဲသို့ ဆီထည့်ပြီး ဆီကျက်ပါက  ငရုတ်သီးအရောင်မှုန့်၊ကြက်သွန်ဖြူ၊ဂျင်းတို့ဖြင့် ဆီသတ်ပါ။ ထို့နောက် ပြုတ်ထားသော ကုလားပဲများကို ထည့်ပြီးမွှေပါ။
  6. ဆီပြန်လာလျှင်  ဆား၊ အချိုမှုန့်နှင့် မဆလာအနည်းငယ်တို့ ထည့်ပြီး အရသာမြည်းစမ်းကြည့်၍ အရသာအနေအထားကောင်းမွန်ပါက ကုလားပဲနှပ်ကို စားသုံးနိုင်ပါပြီနော်။

ကဲ ကိုယ့်ရဲ့ ချစ်ရတဲ့မိသားစုတွေ၊ သူငယ်ချင်းတွေကို ကုလားပဲနှပ်လေးရယ်၊ ဝက်သားနီချက်/အမဲသားချက် သို့မဟုတ် ကြက်သားဆီပြန်ဟင်းလေးရယ်၊ ပုစွန်ခြောက်ငရုတ်သီးကြော်လေးရယ်၊ သီးစုံချဉ် ရည်ဟင်းလေးတွေချက်ပြီး စားလိုက်ရင်တော့ လိုက်ဖက်တဲ့ ဟင်းတွဲဟင်းစပ်လေးတွေဖြစ်လို့ စားလို့မြိန်မှာ သေချာ ပါတယ်နော်။

Share:

ပိန်းနှဲသီးဆူးပုတ်ဟင်း

 

ပိန်းနှဲသီး၊ ဆူးပုတ်ဟင်းအတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့-

  • ပိန်းနှဲသီး ၂ ကွင်း
  • ဆူးပုတ် ၂ စည်း
  • ကြက်သွန်နီ ၁ လုံး
  • ခရမ်းချဉ်သီး ၁ ခြမ်း
  • အရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆီ ဟင်းစားဇွန်း(၂)ဇွန်း
  • ဆား အနည်းငယ်
  • ဟင်းချိုမှုန့် သို့မဟုတ် ဟင်းခတ်မှုန့် အနည်းငယ်လိုအပ်မှာဖြစ်ပါတယ်။
ပြုလုပ်ပုံ အဆင့်အဆင့်

ပိန်းနှဲသီး၊ ဆူးပုတ်ဟင်း မချက်ခင်မှာ ပိန်းနှဲသီးကို အလယ်အူများ ဖယ်ပြီး အတုံးငယ်များတုံး၍ ရေဆေးထားပါ။ ပိန်းနှဲသီးစိမ်းက အရမ်းနုတယ်ဆိုရင်တော့ အလယ်အူက ခပ်သေးသေးပဲပါ တာဖြစ်တဲ့အတွက် ထည့်ချက်ရင်လည်း အဆင်ပြေပါတယ်နော်။

ဆူးပုတ်ရွက်များကို အရိုးအရင့်များနှင့် အရွက်ကြမ်းများ ဖယ်ထားပြီး အရွက်နုလေးများကို ရေဆေး၍ စစ်ထားပါ။

 


ကြက်သွန်နီ၊ ခရမ်းချဉ်သီးတို့ကို ရေဆေး၍ အသင့်လှီးဖြတ်ထားပါ။

ပိန်းနှဲသီး၊ ဆူးပုတ်ဟင်း ချက်မည့်အိုးထဲသို့ ဆီထည့်ပါ။ ဆီပူလာပါက လှီးဖြတ်ထားသော ကြက်သွန်နီ၊ ခရမ်းချဉ်သီးတို့ကို ထည့်၍ ဆီသတ်ပါ။

ကြက်သွန်နီနှင့် ခရမ်းချဉ်သီးများ နွမ်းလာပါက အရောင်တင်မှုန့်ထည့်ပါ။

ငရုတ်သီး အရောင်တက်လာပါက လှီးထားသော ပိန်းနှဲသီးများ ထည့်၍ နှံ့အောင်မွှေပြီး ရေ ဖန်ခွက်(၂)ခွက်စာခန့် ထည့်၍ အဖုံးအုပ်ထားပါ။ ၁၀ မိနစ်ခန့်ကြာပြီးနောက် ပိန်းနှဲသီးများ နူးအိလာပါက ဆူးပုတ်ရွက်များ ထည့်ပြီး အဖုံးဖွင့်ထားပါ။(အစိမ်းရောင်ရှိသော အရွက်များကို အဖုံးအုပ်ချက်ပြုတ်ပါက မူလအစိမ်းရောင်ထက် အ‌ရောင်ဖျော့သွားလို့ပါနော်)။

ပိန်းနှဲသီးဟင်းထဲသို့ ဆူးပုတ်ရွက်ထည့်ပြီး ရေနည်းပါက ရေဖန်ခွက် တစ်ဝက်ခန့်ထည့်ပါ။ ဆား၊ အချိုမှုန့် သို့မဟုတ် နှစ်သက်ရာဟင်းခတ်မှုန့်များ ထည့်၍ ပွက်ပွက်ဆူအောင် အချိန် ၅ မိနစ်ခန့် ထားပါ။

ထို့နောက် ဆီကျန်ရေကျန်အနေအထားဖြစ်ပြီ အရသာအနေအထားကလည်း သင့်ပြီဆိုရင်တော့ မီးပိတ်၍ ပိန်းနှဲသီး၊ ဆူးပုတ်ဟင်းကို သုံးဆောင်နိုင်ပြီဖြစ်ပါသည်။ ပိန်းနှဲသီး၊ ဆူးပုတ်ဟင်းကို သရက်သီးစပ်ချဉ်ထောင်းနဲ့ တွဲဖက်စားသုံးပါက လိုက်ဖက်တဲ့ ဟင်းတွဲဟင်းစပ်ဖြစ်လို့ စားမြိန်တဲ့ ဟင်းတစ်ခွက်ဖြစ်မှာသေချာပါကြောင်း တင်ပြလိုက်ရပါတယ်နော်။

 

Share:

ထိုင်ဝမ်မုန်ညှင်းရွက်ကြော်


မြန်မာနိုင်ငံမှာ မုန်ညှင်းမျိုးစိတ်အမျိုးမျိုးရှိပါတယ်။ မုန်ညှင်းအချိုနဲ့ အခါးဆိုပြီးတော့လည်း ကွဲပြားပါသေးတယ်။ ဒီနေ့တင်ပြမည့် မုန်ညှင်းကတော့ အရပ်ထဲမှာအလွယ်ခေါ်ကြတဲ့ ထိုင်ဝမ်မုန်ညှင်းရွက်ကြော်ပဲဖြစ်ပါတယ်။သားသတ်လွတ်ဟင်းလျာအနေနဲ့လည်း စားသုံးနိုင်မှာဖြစ်ပါတယ်နော်။ ထိုင်ဝမ်မုန်ညှင်းရွက်ကြော်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့-

  • မုန့်ညင်း ၁ စည်း
  • ကြက်သွန်နီ ၁ လုံး
  • ဆီ ဟင်းစားဇွန်း ၁ ဇွန်း
  • ဆား အနည်းငယ်
  • အချိုမှုန့် သို့မဟုတ် ဟင်းခတ်မှုန့်အနည်းငယ်
  • ငရုတ်သီးစိမ်း ၅ တောင့် လိုအပ်မှာဖြစ်ပါတယ်။

ပြုလုပ်ပုံအဆင့်အဆင့်

  1. မုန့်ညင်းအခက်များကို တစ်ဖတ်ချင်းခွာ၍ ရေဖြင့် သေချာစွာ ဆေး၍ လှီးဖြတ်ထားပါ။ အခက်အလက်တွေကြားထဲမှာသဲတွေပါတတ်လို့ပါနော်။
  2. ကြက်သွန်နီကို အခွံခွာ၍ ရေဆေးပြီး ပါးပါလှီးထားပါ။ ငရုတ်သီးစိမ်းများကို နှစ်ခြမ်းခြမ်းထားပါ။
  3. မုန့်ညင်းကြော်မည့် ဒယ်အိုးထဲသို့ ဆီထည့်ပါ။
  4. ဆီပူလာပါက လှီးထားသော ကြက်သွန်နီများ ထည့်၍ နွမ်းအောင် ကြော်ပါ။
  5. ထို့နောက် မုန့်ညင်းရွက်များ ထည့်ပါ။
  6. ဆား၊ အချိုမှုန့်များ ထည့်ပါ။ အနံ့မွှေးစေရန်အတွက် ငရုတ်သီးစိမ်းများ ထည့်ပါ။

ပြီးနောက် ဟင်းအိုးကို ပိတ်၍ မုန့်ညင်းရွက်ကြော် ပူပူနွေးနွေးကို အရံသင့် စားသုံးနိုင်မည် ဖြစ်ပါသည်။ (အကြံပြုချင်တာတစ်ခုကတော့ အရွက်ကြော်စိမ်းစိမ်းလေး ရချင်တယ်ဆိုရင်တော့ အဖုံးအုပ်ပြီး မကြော်သင့်ပါဘူးနော်)။

မုန်ညှင်းရွက်ကြော်၊ အသား၊ငါးဆီပြန်ဟင်းတစ်ခွက်နဲ့ဆိုရင် တွဲဖက်စားသုံးမယ်ဆိုရင် အင်မတန်လိုက်ဖက်တဲ့ အရွက်ကြော်လေးဖြစ်မှာပါနော်။ ဒါ့အပြင် သားသား၊ မီးမီးတွေကို ကျွေးမယ်ဆိုရင်တော့ အရွက်ကြော်ကျွေးမယ်ဆိုရင်တော့ ငရုတ်သီးစိမ်းမထည့်ဘဲ မုန်ညှင်းရွက်အချိုကြော်လေးကို ကျွေးနိုင်ပါတယ်နော်။

Share:

သင်္ဘောဖူးသုပ်

 

သင်္ဘောပင်မှာ အဖိုပင်နဲ့ အမပင်ဆိုပြီးပေါက်လေ့ရှိတဲ့အထဲမှာ အဖိုပင်ကတော့ အပွင့်တွေတော့လှိုင်လှိုင်ပွင့်ပေမဲ့ အသုံးမဝင်ဘူးထင်ကြတဲ့သူတွေအတွက် သင်္ဘောဖိုအဖူးသုပ်သုပ်နည်းလေးကို မျှဝေချင်ပါတယ်။

သင်္ဘောအဖူးအရသာက ခါးသက်သက်အရသာတော့ ရှိပါတယ်။ သင်္ဘောအဖူး အပွင့်ကို သုပ်စားရင်လည်း သွေးတိုးရောဂါကို သက်သာစေတယ်လို့ ဆိုပေမဲ့လည်းတန်ဆေး လွန်ဘေးဆိုတဲ့စကားပုံကိုလည်း မေ့ထားလို့မရဘူးပေါ့။

သင်္ဘောဖူးသုပ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကတော့-

  • သင်္ဘောအဖူး ၅ခက်ခန့်
  • မြေပဲထောင်း ဟင်းစားဇွန်း (၃)ဇွန်း
  • ကြက်သွန်ဖြူဆီချက် (၄)ဇွန်း
  • ဆားအနည်းငယ်
  • အချိုမှုန့် သို့မဟုတ် ဟင်းခတ်မှုန့်အနည်းငယ် လိုအပ်မှာဖြစ်ပါတယ်နော်။
  1. သင်္ဘောအဖူး အပွင့်တွေကို ရေဆေးထားပြီး ရေနွေးဆူဆူအိုးထဲသို့ မိနစ်(၁၀)မိနစ် ခန့်ကြာ အနည်းငယ် နူးအိအောင်ပြုတ်ပါ။
  2. ပြုတ်ထားပြီးတဲ့ သင်္ဘောအဖူး အပွင့်များကို ရေအေးနဲ့(၃/၄)ထပ်ခန့် ရေများများဖြင့် ရေဆေးပြီး ဇကာတစ်ခုဖြင့်စစ်ထားပါ။
  3. ကြက်သွန်ဖြူ ဆီချက်ထားပါ။ မြေပဲကြော် ထောင်းထားပါ။
  4. ပြုတ်ထားသော သင်္ဘောအဖူး အပွင့်များကို သုပ်မည့်ပန်းကန်ထဲသို့ ရေညှစ်ထည့်ပါ။ ထောင်းထားသောမြေပဲမှုန့်၊ ဆား၊ အချိုမှုန့် သို့မဟုတ် ဟင်းခတ်မှုန့် ထည့်ပါ။ ကြက်သွန်ဖြူ ဆီချက်ထည့်ပြီး နှံ့စပ်အောင်နယ်ပါ။ (အသုပ်သုပ်တဲ့အချိန်မှာ အသုပ်မှာပါတဲ့ပါဝင်ပစ္စည်းတွေကို သမအောင် ပေါင်းစပ်ရောနှောသွားအောင် နယ်တာကလည်း အသုပ်ရဲ့အရသာကို ပိုမိုပေါ်လွင်စေပါတယ်နော် )
  5. နယ်ထားတဲ့အသုပ်ကိုမြည်းကြည့်လို့ အရသာအနေတော်ဆိုရင်တာ့ အသုပ်ပြင်မည့် ပန်းကန် ထဲကို အသုပ်ထည့်ပြီး အပေါ်က ကြက်သွန်ဖြူဆီချက် အဖတ်(ကြက်သွန်ဖြူကြော်)များ ဖြူးပြီးစားသုံးလို့ရပါပြီနော်။

သင်္ဘောအဖူးရဲ့ အခါးဓာတ်ကို ပြုတ်တဲ့အချိန်နူးအောင်ပြုတ်ပြီး ရေအေးနဲအခါခါဆေးမယ်။ အရသာဝင်အောင်နယ်မယ်ဆိုရင် အခါးဓာတ်က လျော့သွားမှာပါနော်။

အိမ်မှာမာလကာရွက်အဆင်သင့်ရှိမယ်ဆိုရင်တော့မာလကာရွက်၂ရွက် သို့မဟုတ် ၃ရွက်ကိုထည့်ပြီးပြုတ်ရင်အခါးသက်သာပါတယ်။

သင်္ဘောအဖူးရဲ့အခါးဓာတ်ကို မြေပဲထောင်းနဲ့ ကြက်သွန်ဖြူဆီချက်တို့ရဲ့ အစိမ့်ဓာတ်က သင်္ဘောဖူးသုပ်ရဲ့ ခါးစိမ့်စိမ့်အရသာက ပိုပြီး ခံတွင်းတွေ့စေမှာပါ။

ဒါ့အပြင် သင်္ဘောဖူးသုပ်ကို သားသတ်လွတ်ဟင်းအနေနဲ့လည်း စားသုံးနိုင်မှာဖြစ်ပါတယ်။

ကဲ ဟင်းချက်ဝါသနာရှင်တွေလည်း အိမ်မှာ သင်္ဘောအဖိုပင်က အဖူး အပွင့်တွေ့ပြီဆိုတာနဲ့ ခူးပြီး သုပ်စားလိုက်တော့နော်။

Share:

ရှောက်သီးသုပ်

 

ကျမတို့ မြန်မာလူမျိုးတွေဟာ ချဉ်၊ ငန်၊ စပ် အသုပ်တွေကို နှစ်သက်စွာ စားသုံးလေ့ရှိကြပါ တယ်။ လူတစ်ချို့ကလည်း စိန်၊ရွှေတွေ ဝတ်ထားလို့ သွားရည်မကျပေမဲ့ အချဉ်မြင်ရင်တော့ သွားရည်ကျတယ်လို့လည်း ပြောတတ်ကြသေးတယ်။

ကျမတို့နေ့စဉ်စားသောက်တဲ့ အစားအစာတွေဟာ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက် တွေ ဖြစ်မှသာ ကျမတို့ရဲ့ ခန္ဓာကိုယ်ကို အထောက်အကူပြုမှာဖြစ်ပါတယ်။

ဒီနေ့မှာတော့ ရှောက်သီးသုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။ နေမကောင်းဖြစ်ပြီး နလန်ပြန်ထခါစ လူတွေက အစားအသောက်မစားချင်လောက်အောင် ခံတွင်းပျက်နေပြီဆိုရင် တော့ ခံတွင်းတွေ့သွားအောင် ရှောက်သီးလေးကို ချဉ် ငန် စပ်သုပ်လေး သုပ်စားလိုက် ပါလားလို့လည်း အကြံပေးလေ့ရှိကြပါတယ်။

ရှောက်သီးဟာ ဗီတာမင်စီ ကြွယ်ဝစွာပါဝင်ပြီး အသီးဖြစ်ပါတယ်။ မြန်မာ ဆေးကျမ်း များ အရ ရှောက်သီးဟာနှလုံးကိုကြည်လင်စေပြီး သွေးသားကို သန့်ရှင်းစေတယ်၊ အစာကြေလွယ် စေတယ်၊ စိတ်ကိုပေါ့ပါးလန်းဆန်းစေပြီး မောပန်းခြင်းကို ပျောက်စေတယ်၊ ချောင်းဆိုးနာဖြစ်ခြင်း၊ ခံတွင်းမတွေ့နှုတ်မမြိန်ခြင်း ၊ အော့အန်ခြင်း ၊ အသံပျက်ခြင်း ၊ ဝမ်းကြောတင်းခြင်း ၊ အဖု အလုံး ပေါက်ခြင်းများကိုသက်သာစေနိုင်တဲ့အပြင် သလိပ်ကို ကြေ စေပြီး  ပျားရည်၊ ရှောက်ရည်၊ ဇဝက်သာ သုံးမျိုး ရောသောက်သုံးပေးလျှင် ချောင်းဆိုး၊ ရင်ကျပ်၊ သလိပ်ကပ်၊ ပန်းနာ ပျောက်ကင်းစေနိုင်တယ်လို့လည်း လေ့လာမှတ်သားဖူးပါတယ်။

ရှောက်သီးသုပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့-

  • ရှောက်သီးတစ်ခြမ်း ( အလုံးကြီးရင်တော့ တစ်စိပ်လောက်သာ သုံးသင့်ပါတယ်)
  • ကြက်သွန်နီ(၅)လုံး
  • မြေပဲဆံကြော် ဟင်းစားဇွန်း(၂)ဇွန်းအနည်းငယ်
  • ပုဇွန်ခြောက် လက်ဖက်စားဇွန်း(၁)ဇွန်းအနည်းငယ်
  • ငပိဖုတ် အနည်းငယ်
  • ငရုတ်သီးကြော်ထောင်း
  • ငရုတ်သီးစိမ်း(၅)တောင့်
  • ကြက်သွန်ဖြူဆီချက် ဟင်းစားဇွန်း(၄)ဇွန်းတို့ လိုအပ်မှာဖြစ်ပါတယ်။

ပြုလုပ်ပုံအဆင့်ဆင့်

  1. ပုစွန်ခြောက်ကို ရေစိမ်ထားပါ။
  2. မြေပဲဆံကြော်ကို မညက်တညက် ထောင်းထာပါ။
  3. ရေစိမ်ထားသော ပုဇွန်ခြောက်ကို ထောင်းထားပါ။
  4. ​ ရှောက်သီးကို အခွံနွှာပြီး အမွှာလေးတွေ မွှာထားပါ။
  5. ကြက်သွန်နီ၊ ငရုတ်သီးစိမ်းတို့ကို ပါးပါးလှီးထားပါ။

ထို့နောက် ရှောက်သီးသုပ်မည့် ပန်းကန်ထဲသို့ ရှောက်သီးအမွှာလေးများ၊ ထောင်းထားသော မြေပဲထောင်း၊ ပုဇွန်ခြောက်ထောင်း ငပိဖုတ်၊ပဲကျက်မှုန့် ၊ ငရုတ်သီးကြော်ထောင်း၊ လှီးထားတဲ့ ကြက်သွန်နီနှင့် ငရုတ်သီးအစိမ်း၊ ဆားအနည်းငယ်၊ဟင်းခပ်မှုန့် ၊ကြက်သွန်ဖြူဆီချက် တို့ ထည့်ပြီး နှံ့စပ်အောင် နယ်ပြီး အရသာ မြည်းကြည့်လို့ အဆင်ပြေပါက ချဉ် ငန် စပ်ရှောက်သီးသုပ်လေးကို စားသုံးလို့ရပါပြီနော်။ အချဉ်သိပ်မကြိုက်တဲ့သူတွေအနေနဲ့ကတော့ ရှောက်သီးကို အရည်နည်းနည်း ညှစ်ပြီးမှသုပ်သင့်ပြီး နှစ်ပြန်ကြော် သို့မဟုတ် အကြော်စုံတို့ထည့်ပြီး စားသုံးရင်လည်း ခံတွင်းတွေ့မယ်လို့ ယုံကြည်ပါတယ်။

အညာဒေသတွေမှာတော့ မြေပဲကလည်းပေါတယ်ဆိုတော့ ရှောက်သီးရဲ့ အချဉ်အရသာကို မြေပဲဆံရဲ့ အဆိမ့်ဓာတ်နဲ့ ငပိဖုတ်နဲ့သုပ်တာက ရှောက်သီးသုပ်ကို ပိုပြီးအနံ့မွှေးစေပါတယ်နော်။

ကဲ ဟင်းချက်ဝါသနာရှင်တွေလည်း ရှောက်သီးသုပ်လေးကို ရေနွေးပူပူလေးနဲ့ သုံးဆောင်နိုင်သလို ကြာဆံချက်နဲ့လည်း တွဲဖက်စားသုံးနိုင်ပါတယ်နော်။

Share:

သရက်ချဉ်သုပ်

 

သရက်သီးအစိမ်းတွေ ပေါများနေတဲ့အချိန်မှာ တာရှည်ခံအောင်လို့ သရက်ချဉ်ပြုလုပ်ထားလေ့ ရှိကြပါတယ်။ သရက်ချဉ်ကို အချို့ကလည်း ပဲကျက်မှုန့်တို့ ငရုတ်သီးဆီချက်တို့နဲ့ သုပ်စားလေ့ ရှိကြပါတယ်။ ဒီနေ့မှာတော့ သရက်ချဉ်ကို ကြက်သွန်နီ၊ ငရုတ်သီးစိမ်းလေးနဲ့ ဆီရွှဲရွှဲလေးဆမ်း    ပြီး သုပ်စားတဲ့နည်းလေးကို မျှဝေချင်ပါတယ်။

သရက်ချဉ်သုပ်ရန်အတွက်လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့

  • သရက်ချဉ် ဟင်းစားဇွန်း(၁)ဇွန်းခန့်
  • ကြက်သွန်နီ(၁)လုံး
  • ငရုတ်သီးစိမ်း(၃)တောင့် ဆား
  • ဟင်းချိုမှုန့် သို့မဟုတ် ကြက်သားမှုန့်အနည်းငယ်
  • ဆီ ဟင်းစားဇွန်း(၃)ဇွန်း

ပြုလုပ်ပုံအဆင့်ဆင့်

  1. သရက်ချဉ်ကို သဲနှင့် ဆားရည်များမပါရှိစေရန် ရေဆေးပါ။
  2. ကြက်သွန်နီကို အခွံနွှာ၍ ပါးပါးလှီးပါ။ ငရုတ်သီးစိမ်းများ ပါးပါးလှီးထားပါ။
  3. သရက်ချဉ်သုပ်မည့်ပန်းကန်ထဲသို့ ပါးပါးလှီးထားသော ကြက်သွန်နီ၊ငရုတ်သီးစိမ်းနှင့် သရက်ချဉ်တို့ကိုထည့်ပြီး ဆား၊ ဟင်းချိုမှုန့် ၊ဆီတို့ဖြင့် နှံ့စပ်အောင် လက်ဖြင့် ဖိချေပြီးနယ်ပါ။(သရက်ချဉ်သည် မူလတွင် ဆားဖြင့် စိမ်ထားခြင်းကြောင့် သရက်ချဉ်သုပ်တွင် ဆားကိုအနည်းငယ်သာထည့်သင့်ပါသည်)
  4. သရက်ချဉ်နှင့်ကြက်သွန်နီ ကိုပေါင်းစည်းသွားအောင် နှံ့စပ်အောင် နယ်ခြင်းဖြင့် သရက်ချဉ်သုပ်အရသာမှာ ပိုမိုကောင်းမွန်စေမည့်အပြင် ကြက်သွန်နီရဲ့ အချိုဓာတ်၊ ဆီရဲ့ အဆိမ့်ဓာတ်တွေကလည်း သရက်ချဉ်သုပ်ကို ချို၊ ချဉ်စိမ့်အရသာဖြစ်ပြီး ငရုတ်သီးစိမ်းထည့်ထားတဲ့အတွက် အနံ့ကိုပိုမွှေးစေပါတယ်။

သရက်ချဉ်သုပ်ကို ငါးဆားနယ်(ငါးပိတုံး)နှင့်ခရမ်းချဉ်သီးဆီပြန်ဟင်း၊ ပဲညှောင့်ပေါက် ပဲဟင်းတို့နဲ့ တွဲဖက်စားသုံးနိုင်ပါသည်။

Share:

မန်ကျည်းဖျောသုပ်

 


မန်ကျီးရွက်ကို သာမန်အားဖြင့် ချဉ်ရည်ဟင်းနဲ့ မန်ကျီးရွက်အစိမ်းသုပ်ဆိုပြီး စားသုံးလေ့ရှိကြပါတယ်။ အညာဒေသ အထူးသဖြင့် မုံရွာနယ်ဘက်တွေမှာ သုပ်စားလေ့ရှိတဲ့ မန်ကျီးဖျောသုပ်နည်းလေးကို ဝေမျှချင်ပါတယ်နော်။ အညာမန်ကျီးဖျောသုပ်လေးက လုပ်ရတာလွယ်ကူပြီး စားသုံးရာမှာလည်း ခံတွင်းရှင်းတာမို့ အကြိုက်တွေ့မှာသေချာပါတယ်နော်။

မန်ကျီးဖျောသုပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့

  • မန်ကျည်းရွက် ၅ ကျပ်သား
  • ကြက်သွန်နီ ၃ လုံး
  • ဆီ အနည်းငယ်
  • ဆား အနည်းငယ် ဖြစ်ပါတယ်။

ပြုလုပ်ပုံအဆင့်အဆင့်

  1. မန်ကျီးရွက်များကို အရိုးရင့်များနဲ့ အရွက်ကြမ်းများဖယ်၍ ရေဆေးပြီးစစ်ထားပါ။
  2. ဒယ်အိုးထဲတွင် ရေကို ပွက်ပွက်ဆူအောင်တည်ထားပါ။ ရေပွက်ပွက်ဆူပါက အဆိုပါအိုးထဲသို့ ရေစစ်ထားသော မန်ကျီးရွက်များကို ထည့်၍ နူးအိသည်အထိ ပြုတ်ပါ။ ထို့နောက် မန်ကျီးရွက်များဆယ်ယူ၍ ရေစစ်ထားပါ။
  3. ကြက်သွန်နီအခွံခွာ၍ ပါးပါးလှီးပါ။ ထို့နောက် ကြက်သွန်နီများ မမွန်စေရန်(မစပ်စေရန်) ရေဖြင့် နယ်၍ ဆေးပြီး ရေစစ်ထားပါ။
  4. မန်ကျည်းရွက်ဖျော သုပ်မည့် ပန်းကန်ထဲသို့ ရေစစ်ထားသော မန်ကျီးရွက်နှင့် ကြက်သွန်နီများ ထည့်ပါ။ ထို့နောက် ဆား၊ အချိုမှုန့်များ ထည့်၍ မန်ကျည်းရွက်နှင့် ကြက်သွန်နီများ သမသွားစေရန် ပွတ်ချေ၍ နယ်ပေးပါ။
  5. ဆီရွှဲရွဲဆမ်းပြီးပါက အညာမန်ကျည်းရွက်ဖျောသုပ်ကို စားသုံးနိုင်မည်ဖြစ်ပါသည်။

အညာမန်ကျီးဖျောသုပ်ကို အညာဒေသကထွက်တဲ့ ရွှေသမင်ခရမ်းသီးနှပ်နဲ့ ပဲလှော်ကြော်နဲ့ ပဲလွန်းရွက်ဟင်းချိုလေးနဲ့ တွဲဖက်စားသုံးရင် အင်မတန်လိုက်ဖက်ညီပြီး စားလို့မြိန်စေတဲ့ ဟင်းတစ်ခွက်ဖြစ်မှာပါနော်။

Share:

သင်္ဘောဖူးသုပ်

 


သင်္ဘောပင်မှာ အဖိုပင်နဲ့ အမပင်ဆိုပြီးပေါက်လေ့ရှိတဲ့အထဲမှာ အဖိုပင်ကတော့ အပွင့်တွေတော့လှိုင်လှိုင်ပွင့်ပေမဲ့ အသုံးမဝင်ဘူးထင်ကြတဲ့သူတွေအတွက် သင်္ဘောဖိုအဖူးသုပ်သုပ်နည်းလေးကို မျှဝေချင်ပါတယ်။

သင်္ဘောအဖူးအရသာက ခါးသက်သက်အရသာတော့ ရှိပါတယ်။ သင်္ဘောအဖူး အပွင့်ကို သုပ်စားရင်လည်း သွေးတိုးရောဂါကို သက်သာစေတယ်လို့ ဆိုပေမဲ့လည်းတန်ဆေး လွန်ဘေးဆိုတဲ့စကားပုံကိုလည်း မေ့ထားလို့မရဘူးပေါ့။

သင်္ဘောဖူးသုပ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကတော့-

  • သင်္ဘောအဖူး ၅ခက်ခန့်
  • မြေပဲထောင်း ဟင်းစားဇွန်း (၃)ဇွန်း
  • ကြက်သွန်ဖြူဆီချက် (၄)ဇွန်း
  • ဆားအနည်းငယ်
  • အချိုမှုန့် သို့မဟုတ် ဟင်းခတ်မှုန့်အနည်းငယ် လိုအပ်မှာဖြစ်ပါတယ်နော်။
  1. သင်္ဘောအဖူး အပွင့်တွေကို ရေဆေးထားပြီး ရေနွေးဆူဆူအိုးထဲသို့ မိနစ်(၁၀)မိနစ် ခန့်ကြာ အနည်းငယ် နူးအိအောင်ပြုတ်ပါ။
  2. ပြုတ်ထားပြီးတဲ့ သင်္ဘောအဖူး အပွင့်များကို ရေအေးနဲ့(၃/၄)ထပ်ခန့် ရေများများဖြင့် ရေဆေးပြီး ဇကာတစ်ခုဖြင့်စစ်ထားပါ။
  3. ကြက်သွန်ဖြူ ဆီချက်ထားပါ။ မြေပဲကြော် ထောင်းထားပါ။
  4. ပြုတ်ထားသော သင်္ဘောအဖူး အပွင့်များကို သုပ်မည့်ပန်းကန်ထဲသို့ ရေညှစ်ထည့်ပါ။ ထောင်းထားသောမြေပဲမှုန့်၊ ဆား၊ အချိုမှုန့် သို့မဟုတ် ဟင်းခတ်မှုန့် ထည့်ပါ။ ကြက်သွန်ဖြူ ဆီချက်ထည့်ပြီး နှံ့စပ်အောင်နယ်ပါ။ (အသုပ်သုပ်တဲ့အချိန်မှာ အသုပ်မှာပါတဲ့ပါဝင်ပစ္စည်းတွေကို သမအောင် ပေါင်းစပ်ရောနှောသွားအောင် နယ်တာကလည်း အသုပ်ရဲ့အရသာကို ပိုမိုပေါ်လွင်စေပါတယ်နော် )
  5. နယ်ထားတဲ့အသုပ်ကိုမြည်းကြည့်လို့ အရသာအနေတော်ဆိုရင်တာ့ အသုပ်ပြင်မည့် ပန်းကန် ထဲကို အသုပ်ထည့်ပြီး အပေါ်က ကြက်သွန်ဖြူဆီချက် အဖတ်(ကြက်သွန်ဖြူကြော်)များ ဖြူးပြီးစားသုံးလို့ရပါပြီနော်။

သင်္ဘောအဖူးရဲ့ အခါးဓာတ်ကို ပြုတ်တဲ့အချိန်နူးအောင်ပြုတ်ပြီး ရေအေးနဲအခါခါဆေးမယ်။ အရသာဝင်အောင်နယ်မယ်ဆိုရင် အခါးဓာတ်က လျော့သွားမှာပါနော်။

အိမ်မှာမာလကာရွက်အဆင်သင့်ရှိမယ်ဆိုရင်တော့မာလကာရွက်၂ရွက် သို့မဟုတ် ၃ရွက်ကိုထည့်ပြီးပြုတ်ရင်အခါးသက်သာပါတယ်။

သင်္ဘောအဖူးရဲ့အခါးဓာတ်ကို မြေပဲထောင်းနဲ့ ကြက်သွန်ဖြူဆီချက်တို့ရဲ့ အစိမ့်ဓာတ်က သင်္ဘောဖူးသုပ်ရဲ့ ခါးစိမ့်စိမ့်အရသာက ပိုပြီး ခံတွင်းတွေ့စေမှာပါ။

ဒါ့အပြင် သင်္ဘောဖူးသုပ်ကို သားသတ်လွတ်ဟင်းအနေနဲ့လည်း စားသုံးနိုင်မှာဖြစ်ပါတယ်။

ကဲ ဟင်းချက်ဝါသနာရှင်တွေလည်း အိမ်မှာ သင်္ဘောအဖိုပင်က အဖူး အပွင့်တွေ့ပြီဆိုတာနဲ့ ခူးပြီး သုပ်စားလိုက်တော့နော်။

Share:

မျှစ်ဆတ်ဟင်း


 

မိုးဦးကာလမျှစ်စိမ်းတွေ တွေ့ရင် ဘယ်လိုချက်စားရမှန်းမသိတဲ့ ဟင်းချက်ဝါသနာရှင်များအတွက် အထက်အညာဒေသမှာ ချက်စားလေ့ရှိတဲ့ မျှစ်ဆတ်ဟင်း ခေါ် မျှစ်စိမ်းဟင်း ချက်နည်းလေးကို ဝေမျှချင်ပါတယ်နော်။
ဆီပြန်ဟင်းတွေကို ရိုးအီနေတဲ့သူများအတွက်တော့ ဆီနည်းပြီး မျှစ်စိမ်းနုနုရဲ့ သဘာဝအချိုလေးကို ဆန်လှော်လေးနဲ့ ချက်စားနိုင်တဲ့အကြောင်းကို တင်ပြပေးမှာဖြစ်ပါတယ်။ မျှစ်ဆတ်ဟင်း ချက်ဖို့အတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့

  • မျှစ်စိမ်း ၃ ချောင်း
  • ကြက်သွန်နီ ၁ လုံး
  • ခရမ်းချဉ်သီး အသေး ၁ လုံး
  • ပုဇွန်ခြောက် ဟင်းစားဇွန်း ၁ ဇွန်း
  • လုံးသွယ်မွှေးဆန် သို့မဟုတ် ပေါ်ဆန်းမွှေးဆန် ဟင်းစားဇွန်း ၁ ဇွန်း
  • နနွင်းမှုန့်အနည်းငယ်
  • ဆားအနည်းငယ်
  • ဟင်းချိုမှုန့် သို့မဟုတ် ကြက်သားမှုန့် လဖက်ရည်ဇွန်း တစ်ဝက်
  • ပင်စိမ်းရွက် သို့မဟုတ် ရှမ်းနံနံ ၅ ခက်
  • ဆီ ဟင်းစားဇွန်း ၁ ဇွန်း

ပြုလုပ်ပုံအဆင့်ဆင့်

  1. မျှစ်စိမ်းကို အဖူးလိုက်ဝယ်လာရင် ခပ်ပါးပါးလှီးပါ။ ၎င်းနောက် လှီးပြီးသော မျှစ်စိမ်းများကို ရေဖြင့် ဆေးပြီးနောက် ရေအေးဖြင့် စိမ်ထားပါ။
  2. ကြက်သွန်နီကို ပါးပါးလှီးထားပါ။ခရမ်းချဉ်သီးကို အစေ့များထုတ်ပြီး ခပ်ပါးပါးလှီးထားပါ။ ကြက်သွန်ထည့်တာကတော့ မျှစ်စိမ်းကို ပိုချိုစေချင်တာဖြစ်ပြီး ခရမ်းချဉ်သီးကတော့ အရောင်လှစေဖို့အတွက် ထည့်တာပါနော်။
  3. ပုဇွန်ခြောက် ရေဆေး၍ ငရုတ်ဆုံဖြင့်ထောင်းပါ။ ဈေးထဲမှာအလွယ်တကူဝယ်လို့ရတဲ့ ပုစွန်ခြောက်မှုန့်တွေထက် ပုစွန်ခြောက်ကို ငရုတ်ဆုံနဲ့ မညက်တညက်ထောင်းထည့်တာကတော့ မြန်မာ့ရိုးရာနည်းမို့လို့လားမသိဘူး ပိုပြီးစားကောင်းသလိုပဲ။ ငရုတ်ဆုံနဲ့ထောင်းဖို့ အဆင်မပြေရင်လည်း ကြိက်စက်နဲ့ကြိတ်လည်းရပါတယ်နော်။ ပုစွန်ခြောက်မှုန့်ခပ်ရင်လည်း ရပါတယ်နော်။
  4. လုံးသွယ်မွှေး သို့မဟုတ် ပေါ်ဆန်းမွှေးဆန်ကို ရေစင်ကြယ်စွာ ဆေးပြီး  ငရုတ်ဆုံ သို့မဟုတ် ကြိတ်စက်နဲ့ အမှုန့်ပြုလုပ်ပါ။ အသင့်ထုတ်ထားတဲ့ ဆန်မှုန့်အစိမ်းကို သုံးရင်လည်းရပါတယ်။
  5. ချက်ပြုတ်မည့်အိုးထဲသို့ ပါဝင်ပစ္စည်းများဖြစ်တဲ့ ဆီ၊ မျှစ်စိမ်း၊ ဆန်မှုန့်နဲ့ နနွင်းမှုန့်၊ ပုစွန်ခြောက်မှုန့် တို့ကို ထည့်၍ လက်ဖြင့် နှံ့စပ်အောင်နယ်ပါ။ နနွင်းမှုန့်ကိုတော့ လက်ဖက်ရည်ဇွန်းဖျားလေးနဲ့ပဲထည့်သင့်ပါတယ်နော်၊ များသွားရင် နနွင်းနံ့ နံသွားမှာစိုးလို့ပါ။
  6. နှံ့စပ်အောင်နယ်ပြီးပါက လှီးထားတဲ့ ခရမ်းချဉ်သီးနဲ့ ကြက်သွန်နီတို့ကို ထည့်ပါ။ ထို့နောက် ရေဖန်ခွက် ၃ ခွက်ခန့်ထည့်ပြီး ဟင်းအိုးကို အဖုံးအုပ်၍ အချိန် (၁၅)မိနစ်ခန့် တည်ထားပါ။ ရေအနည်းငယ်ကျန်ပါက ရေ(၁)ခွက်ခွဲခန့်ထည့်၍ အဖုံးအုပ်ပြီးဆက်၍ တည်ထားပါ။
  7. မျှစ်စိမ်းကျက်၍ ဟင်းရည်များ ပွက်ပွက်ဆူပြီး အနံ့များမွှေးကြိုင်လာပါက ဆား၊ အချိုမှုန့် သို့မဟုတ် ဟင်းခတ်မှုန့်အနည်းငယ်ထည့်ပြီး မျှစ်စိမ်းကို မြည်းစမ်းကြည့်ပါက စပ်ရှားရှားအရသာမဟုတ်ဘဲ ချို၍ ခပ်ဆတ်ဆတ်နှင့် စားကောင်းသော အရသာရရှိပါက ပင်စိမ်း သို့မဟုတ် ရှမ်းနံနံထည့်ပြီး စားသုံးလို့ရပါပြီနော်
မျှစ်ဆတ်ဟင်းကတော့ ပူပူနွေးနွေးလေးနဲ့ ငပိထောင်းစပ်စပ်လေးကို သံပုရာသီးလေးညှစ်ပြီး တွဲဖက်စားသုံးလို့ရသလို ငါးဖန်ဝိုင်းငါးပိကောင်ကြော်လေးကို သံပုရာသီးလေးညှစ်ပြီး ငရုတ်သီးအခြောက်တောင့်ကို ခပ်ကြွင်းကြွင်းလေးကြော်ထားတာလေးနဲ့လည်း တွဲဖက်စားသုံးလိုက်ရင် ထမင်းမြိန်စေမှာ အမှန်ပါပဲနော်။ ကဲ မျှစ်စိမ်းတွေ ရလာရင်တော့ ချက်စားလိုက်ကြတော့နော်
Share:

မန်းကျည်းရွက်နှင့်ဒန့်သလွန်သီးချဉ်ရည်


 

မန်ကျည်းရွက်ဆိုရင် ချဉ်ရည်ဟင်းချက်စားလို့ရသလို ၊ မန်ကျည်းရွက်သုပ်၊ မန်ကျည်းရွက်ချက်စသဖြင့် ချက်စားလေ့ရှိကြပါတယ်။  ဒန့်သလွန်သီးကိုတော့ ပဲကုလားဟင်းထဲမှာလည်း ထည့်ချက်ကြသလို ဒန့်သလွန်သီးမီးကင်ပြီးတော့လည်း ဟင်းခါးချက်စားကြသလို ငါးနဲ့တွဲဖက်ပြီးတော့လည်းချက်စားလေ့ရှိကြပါတယ်။

ဒီနေ့မှာတော့ အညာဒေသ အထူးသဖြင့် မုံရွာဒေသဘက်မှာ ချက်စားလေ့ရှိတဲ့ မန်ကျည်းရွက် ဒန့်သလွန်သီးချဉ်ရည်ဟင်းချက်နည်းလေးကိုဝေမျှချင်ပါတယ်။

မန်ကျည်းရွက် ဒန့်သလွန်သီးချဉ်ရည်ဟင်းချက်ဖို့အတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့-

  • ဒန့်သလွန်သီး ၅ တောင့်
  • မန်ကျည်းရွက် ၁၀ ကျပ်သား
  • ကြက်သွန်နီ ၁ လုံး
  • ငပိ အနည်းငယ်(မန်ကျီးစေ့ ၁ စေ့ခန့်)
  • ဆားအနည်းငယ်
  • အချိုမှုန့်အနည်းငယ်
  • ဆီ ဟင်းစားဇွန်း(၁)ဇွန်းခန့်လိုအပ်မှာဖြစ်ပါတယ်။

ပြုလုပ်ပုံအဆင့်ဆင့်

  1. ဒန့်သလွန်သီးကို လက်သုံးဆစ်ခန့် အရွယ်အစားများဖြတ်၍ အခွံနွှာ ရေဆေးထားပါ။
  2. မန်ကျည်းရွက်ကို အရွက်ကြမ်းများနှင့်အရိုးရင့်များ ဖယ်ထုတ်ပြီး ရေဆေး၍ စစ်ထားပါ။
  3. ကြက်သွန်နီအခွံနွှာပြီး ရေဆေး၍ လှီးထားပါ။
  4. ချဉ်ရည်ဟင်းချက်မည့်အိုးထဲသို့ ဆီထည့်ပြီး ဆီပူလာပါက ငပိထည့်ပြီး ဆီသတ်ပါ။ ငပိအနံ့မွှေးလာပါက လှီးထားသော ကြက်သွန်နီနှင့် ဒန့်သလွန်သီးများ၊ မန်ကျည်းရွက်များထည့်ပြီး အထက်အောက် နှံ့အောင်မွှေ၍ ရေဖန်ခွက်(၃)ခွက်ခန့်ထည့်ပြီး အဖုံးအုပ်၍ ချက်ပါ။
  5. မိနစ်(၂၀)ကြာပြီးနောက် ချဉ်ရည်ဟင်းရည်များပွက်ပွက်ဆူပြီး ဒန့်သလွန်သီးများ နူးအိလာပါက ဆား၊ အချိုမှုန့်ထည့်၍ အရသာမြည်းစမ်းကာ မီးပိတ်၍ သုံးဆောင်နိုင်ပြီဖြစ်ပါတယ်။
  6. မန်ကျည်းရွက်ရဲ့ အချဉ်ဓာတ်ကို ဒန့်သလွန်သီးရဲ့ အဆိမ့်ဓာတ်၊ ကြက်သွန်နီရဲ့ အချိုဓာတ်နဲ့ ငပိတို့ကြောင့် ချဉ်ရည်ဟင်းက အချဉ်မစူးဘဲ စားလို့ကောင်းမှာသေချာပါတယ်နော်။

မန်ကျည်းရွက်ဒန့်သလွန်သီးချဉ်ရည်ဟင်းနဲ့ ဆိတ်သား၊ ကြက်သား၊ ဝက်သားချက်တို့နဲ့ အညာငရုတ်သီးထောင်း၊ ငရံ့ခြောက်ဖုတ်တို့နဲ့ တွဲဖက်စားသုံးမယ်ဆိုရင် လိုက်ဖက်ညီတဲ့ ဟင်းတွဲဟင်းစပ်လေးတွေဖြစ်တာကြောင့် ခံတွင်းမြိန်မှာသေချာပါတယ်နော်။

Share:

ဘူးရွက်ဟင်းချို


 

ဘူးရွက်ကို သာမန်အားဖြင့် ကြော်စားတတ်ကြလေ့ရှိကြပါတယ်။ ကျမတို့ အညာဒေသ အထူးသဖြင့် မုံရွာနယ်ဘက်မှာ ချက်စားလေ့ရှိတဲ့ ဘူးရွက်ဟင်းချို ချက်နည်းလေးကို ဟင်းချက်ဝါသနာရှင်များအတွက် ဝေမျှချင်ပါတယ်။

ဘူးရွက်ဟင်းချိုကတော့ ချက်ရတာလည်း လွယ်ကူသလို ဆီပါဝင်မှုလည်း နည်းပါတာမို့လို့ ကျန်းမာရေးအတွက်လည်း ပိုပြီးသင့်တော်ပါတယ်နော်။ ဘူးရွက်ဟင်းချို ချက်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့ -

  • ဘူးရွက်(၂)စည်း
  • နံနံပင်(၁)တစ်စည်း
  • ငပိ မန်ကျည်းစေ့ခန့်
  • ပုဇွန်ခြောက် လက်ဖက်စားဇွန်း(၁)ဇွန်း
  • ကြက်သွန်နီ(၁)လုံး
  • ဆားအနည်းငယ်
  • ဟင်းခပ်မှုန့် (သို့) ဟင်းချိုမှုန့်အနည်းငယ်
  • ဆီ ထမင်းဇွန်း(၁)ဇွန်း

ပြုလုပ်ပုံအဆင့်ဆင့်

  1. ပထမဆုံးအနေနဲ့ ဘူးရွက်ကို အရိုးရင့်များ၊ အရွက်ကြမ်းများကို ဖယ်ရှားပါ။ ဈေးကဝယ်လာတဲ့ ဘူးရွက်တွေမှာလည်း ဘူးသီးအနုအသေးလေးတွေလည်းပါလာတတ်တာမို့ အဲ့ဒီအသီးနုလေးတွေလည်း ထည့်ချက်လို့ရပါတယ်နော်။ ဒါ့အပြင် နှာမောင်းတံ(ဘူးနွယ်)လေးတွေကိုလည်း ထည့်ပြီးချက်လို့ရပါတယ်နော်။
  2. ဘူးရွက်၊ ဘူးညွန့်များ သင်ပြီးရင်တော့ ရေဆေးပြီး စစ်ထားပါ။ နံနံပင်ကို အမြစ်များ၊ သဲများ၊ အမှိုက်များ မပါရှိအောင် သန့်စင်၍ ရေဆေးထားပါ။
  3. ကြက်သွန်နီကို အခွံနွှာ ရေးဆေးပြီး လေးစိတ်ခွဲပြီး လှီးထားပါ။ ပုစွန်ခြောက်ကို ရေစိမ်ထားပါ။
  4. ဘူးရွက်ဟင်းချို ချက်မည့် အိုးထဲသို့ ရေဖန်ခွက်(၃)ခွက်၊ ငပိ ၊ ကြက်သွန်နီ၊ ပုစွန်ခြောက်နှင့် ဆီတို့ကို ထည့်ပြီး မီးပြင်းပြင်းဖြင့် မိနစ် ၂၀ ခန့် ပွက်ပွက်ဆူအောင် တည်ထားပါ။
  5. ဟင်းရည်များ ပွက်ပွက်ဆူပြီး အနံ့များ မွှေးကြိုင်လာကာ ဟင်းအိုးထဲတွင် ရေဖန်ခွက်(၁)ခွက်ခွဲစာခန့် ကျန်ရှိပါက ရေစစ်ထားသော ဘူးရွက်များထည့်ပါ။( ဘူးရွက်ထည့်ပြီးပါက ဟင်းအိုးအဖုံးကို မဖုံးဘဲ ဖွင့်၍ ချက်ပါ။ ဒါမှသာ ဘူးရွက်အရောင်မှာ အစိမ်းရောင်ကို ရရှိမည်ဖြစ်ပါသည်)
  6. ဘူးရွက်များထည့်ပြီး အထက်အောက်မွှေပြီးနောက် ဆား၊ အချိုမှုန့် သို့မဟုတ် ဟင်းခတ်မှုန့်အနည်းငယ်ခပ်ပါ။ ထို့နောက် နံနံပင်ထည့်ပြီး အရသာမြည်းစမ်းကြည့်ပြီး အရသာ အဆင်ပြေပါက ဘူးရွက်ဟင်းချိုကို စားသုံးနိုင်ပြီဖြစ်ပါသည်။

ဘူးရွက်ဟင်းချိုမှာ အဓိကကျတာကတော့ ဟင်းရည်ကို ခပ်ကြာကြာလေး ကျိုရင် ငပိအစိမ်းအနံ့ပျောက်ပြီး မွှေးကြိုင်လာသည်အထိ ကြိုပေးဖို့လိုမှာဖြစ်ပါတယ်။ ဒါ့အပြင် ဟင်းရည်ထဲကို ဘူးရွက်ထည့်ပြီး ငါးမိနစ်လောက်ပဲချက်သင့်ပါတယ်နော်။

ဘူးရွက်ဟင်းချိုနဲ့ လိုက်ဖက်တဲ့ ဟင်းတွဲလေးတွေကတော့ ဆိတ်သားခြောက်ဆီပြန်ဟင်း ၊ ဆိတ်သားဟင်း၊ ဝက်သားဆီပြန်ချက် ၊ နှမ်းဖတ်ချဉ်သုပ်လေးတွေနဲ့ တွဲဖက်စားသုံးရင် စားမြိန်ပြီး ခံတွင်းတွေ့မှာ သေချာပါတယ်နော်။

ကဲ ဟင်းချက်ဝါသနာရှင်တွေလည်း လိုက်ဖက်တဲ့ ဟင်းတွဲလေးတွေ ချက်ပြုတ်စားသုံးကြည့်လိုက်တော့နော်။

Share:

ဘူးသီးချဉ်ရည်


 

သာမန်အားဖြင့် ဘူးသီးကို ဟင်းခါး/ဟင်းချို ချက်စားလေ့ရှိကြသလို ကြက်သားနဲ့ရောပြီး ကြက်/ဘူးဆိုပြီး ချက်စားလေ့ရှိကြပါတယ်။ ဒါပေမဲ့ ဘူးသီးကို ချဉ်ရည်ဟင်းအနေနဲ့ ချက်စားလို့ ရတယ်ဆိုတာကိုတော့ အချို့သူတွေက မသိကြဘူးလို့ ထင်ပါတယ်။ ဒါ့ကြောင့် ထမင်းမြိန်စေမည့် ဘူးသီးချဉ်ရည်ချက် နည်းလေးကို ဝေမျှပါရစေနော်။ ဘူးသီးချဉ်ရည်ဟင်းက ချက်ရတာလည်း လွယ်ကူရိုးရှင်းသလို ထမင်းစားကောင်းမည့် ဟင်းတစ်ခွက်ဖြစ်မယ်လို့ ယုံကြည်ပါတယ်။
ဘာကြောင့်လဲဆိုရင် မြန်မာအများစုကတော့ အသား၊ငါးဟင်းတွေ မပါချင်နေပါစေ၊ ချဉ်၊ ငန်၊ စပ်အရသာလေးသာ ပါလို့ကတော့ ထမင်းစားမြိန်တတ်ကြတဲ့ လူမျိုးတွေမို့လား 

ကဲ ဒါဆို ဘူးသီးချဉ်ရည်လေးကို စချက်ကြည့်ကြရအောင်
ဘူးသီးချဉ်ရည်ချက်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့ -

  • ဘူးသီးအရွယ်တော် (၂) စိပ်
  • ခရမ်းချဉ်သီးကိုင်းသီး (ဗမာသီး) (၇)လုံး
  • ငပိ မန်ကျီးစေ့(၁)စေ့ခန့်
  • နံနံပင်အနည်းငယ်
  • ဆားအနည်းငယ်
  • ဟင်းချိုမှုန့် (သို့) ဟင်းခပ်မှုန့်အနည်းငယ်
  • ဆီ ဟင်းစားဇွန်း(၁)ဇွန်း

ပြုလုပ်ပုံအဆင့်ဆင့်

  1. ပထမဦးဆုံး ဘူးသီးကို အခွံနွှာပါ။ ထို့နောက် ခပ်ပါးပါးအတုံးလေးတွေလှီးပြီး ‌ရေဆေးပြီး စစ်ထားပါ။
  2. ခရမ်းချဉ်သီး ကိုင်းသီးများကို ရေဆေး၍ ခပ်ပါးပါးလှီးထားပါ။(အခုလို ချဉ်ရည်ဟင်းချက်ရာမှာ ခရမ်းချဉ်သီး အချဉ်သီးကိုပဲ သုံးသင့်ပါတယ်နော်။ ဘာကြောင့်လဲဆိုရင် ခရမ်းချဉ်သီးအချဉ်သီးက သူ့ရဲ့ သဘာဝအချဉ်ဓာတ်က ပိုချဉ်တဲ့အပြင် ချက်ပြုတ်ရာမှာလည်း နူးအိလွယ်ပါတယ်၊ အကောင်းဆုံးကတော့ ခရမ်းချဉ်သီးအချဉ်သီးနဲ့ချက်ရင် သူ့ရဲ့ အချဉ်နံ့က သဘာဝအချဉ်ဓာတ်ရရှိမှာမို့လို့ ခရမ်းချဉ်သီး အချဉ်သီးနဲ့ပဲ ချက်ဖို့ တိုက်တွန်းပါရစေနော်။ ဘူးသီးချဉ်ရည်လည်း ချက်စားချင်တယ်၊ ဒါပေမဲ့ ခရမ်းချဉ်သီး အချဉ်သီးလည်း မရနိုင်တဲ့ အခြေအနေမှာတော့ ရိုးရိုးခရမ်းချဉ်သီးနဲ့ချက်မယ်ဆိုရင် ရိုးရိုးခရမ်းချဉ်သီးက အနှစ်တွေများတာမို့ (၂)လုံးလောက်ပဲထည့်သင့်ပါတယ်၊ ဒါမှသာ ချဉ်ရည်ဟင်းက အရည်ခပ်ကြည်ကြည်လေးနဲ့ စားချင့်သဖွယ်ဖြစ်မှာပါနော်)
  3. နံနံပင်ကို အမြစ်နဲ့ အရွက်ဝါနေတာလေးတွေကို ဖယ်ထုတ်ပြီး သဲများမပါရှိစေရန် ရေဆေးထားပါ။
  4. အရင်ဆုံး ချက်ပြုတ်မည့်အိုးထဲကို ဆီအနည်းငယ်ထည့်ပါ။
  5. ဆီကျက်လာရင် မျှင်ငပိထည့်ပါ။
  6. ထို့နောက် ငပိကို အနည်းငယ်ချေပြီးနောက် ခရမ်းချဉ်သီးထည့်၍ နှံ့အောင်မွှေပါ။ ခရမ်းချဉ်သီးကို ကျေအောင်ချေရမှာမို့လို့ ရေဖန်ခွက် တစ်ခွက်ခန့်ထည့်၍ အဖုံးအုပ်ပြီး တည်ထားပါ။
  7. မကြာခဏ အဖုံးဖွင့်၍ ခရမ်းချဉ်သီးကို ကျေအောင်ချေပေးပါ။ ခရမ်းချဉ်သီးများကျေလျှင် ခပ်ပါးပါး တုံးထားသောဘူးသီးများကို ထည့်၍ ခရမ်းချဉ်သီးနှင့် ဘူးသီးကို နှံ့စပ်အောင်မွှေပါ။
    ပြီးလျှင် ရေ ဖန်ခွက် (၂)ခွက်ခန့်ထည့်၍ အဖုံးအုပ်၍ (၁၀)မိနစ်ခန့် တည်ထားပါ။
  8. ဟင်းရည်များ ပွက်ပွက်ဆူလာပြီး ချဉ်ရည်ဟင်းအနံ့များ မွှေးကြိုင်လာပါက ဆား၊ ဟင်းချိုမှုန့် သို့မဟုတ် ဟင်းခပ်မှုန့် တို့ကို ထည့်ပါ။ (အကယ်၍ ခရမ်းချဉ်သီးအချဉ်သီးနဲ့ ချက်တာမျိုးမဟုတ်ဘဲ ရိုးရိုးခရမ်းချဉ်သီးနဲ့ချက်တာဆိုရင်တော့ အချဉ်ဓာတ်ရရှိဖို့အတွက် မန်ကျီးသီးမှည့်အနည်းငယ်ကို ရေနွေးနဲ့စိမ်ပြီး မန်ကျီးမှည့်အနှစ်များကို ထည့်ဖို့လိုမှာ ဖြစ်ပါတယ်နော်။ ချဉ်ရည်ဟင်း အနံ့မွှေးကြိုင်နေဖို့ဆိုရင် ဟင်းရည်ကျအောင် ကျိုပေးဖို့လိုပါမယ်နော်၊ ဘူးသီးက နဂိုမူလသဘာဝအရသာက ချိုတာမို့လို့ အချဉ်ဟင်းရည်ကို ခပ်ကြာကြာတည်ထားမှသာ အချဉ်ဓာတ်တွေက ဘူးသီးထဲရောက်မှာဖြစ်သလို မျှင်ငပိနံ့ပျောက်ဖို့ဆိုရင် ဟင်းရည်ကို ခပ်ကြာကြာတည်ထားခြင်းဟာ လျှို့ဝှက်ချက်တစ်ခုပါပဲနော်။
  9. ချဉ်ရည်ဟင်းအိုး တည်ထားတာက အိုးထဲမှာ ဖန်ခွက်တစ်ခွက်ခွဲစာခန့်လောက် ကျန်နေပြီဆိုမှသာ ဟင်းအိုးကိုမီးပိတ်ပြီး နံနံပင်ထည့်ကာ ဘူးသီးချဉ်ရည်ဟင်းကို သုံးဆောင်နိုင်ပြီဖြစ်ပါတယ်။
ကဲ ဘူးသီးချဉ်ရည်ဟင်းရည်ရပြီဆိုတော့ သူနဲ့လိုက်ဖက်တဲ့ ဟင်းတွဲလေးကတော့ ငရုတ်သီးအခြောက်တောင့် သို့မဟုတ် ငရုတ်သီးခွဲခြမ်းမှုန့်နဲ့ ကြက်သွန်နီကို အစေးပေါက်အောင် ထောင်းထားတဲ့ အညာငရုတ်သီးထောင်းလေးရယ်၊ ငါးရံ့ခြောက်ဖုတ်လေးနဲ့ တွဲဖက်စားလိုက်ရင်တော့ အသားဟင်းမပါတာတောင် ထမင်း(၂)ပန်းကန်လောက်တော့ အသာလေးဆွဲပြီးသားဖြစ်မှာပါနော်
Share:

Popular Posts

ၸိူင်းငဝ်းတူင်ႉ ၽႃႇသႃႇလိၵ်ႈတႆး. Powered by Blogger.

Contact Us

Tel: +959691051467




MM Chef ဟင်းချက်နည်း အပ်ပလီကေးရှင်းသည် အချက်အပြုတ်ဝါသနာရှင်များအတွက် အထူးပင် အသုံးဝင်သော ဖုန်းဆော့ဝဲ တစ်ခုဖြစ်ပါသည်။

Recent Posts

Blog Archive

  • ()

BTemplates.com

About

About

Blogroll

Pages - Menu